ချဲလ်ဆီး အသင်းရဲ့ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ်ဟာ ယခုနှစ် ရာသီ နည်းပြဟောင်း သောမတ်စ် တူချယ် လက်ထက်မှာရော ၊ နည်းပြသစ် ဂရေဟမ် ပေါ်တာ လက်အောက်မှာပါ ပုံမှန် ပွဲထွက်ခွင့်ထက် အများကြီး လျော့ရနေပါတယ် ။
အထူးသဖြင့် မန်စီးတီးကနေ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ရာဟင်း စတာလင် ယူရိုသန်း ၅၀နဲ့ ရောက်ရှိလာခြင်းလာ ပူလီဆစ် အတွက် နေရာစပျောက်ဖို့ အကြောင်းဖန်စေခဲ့ပြီး ၊ ခြေစွမ်းပြနိုင်ဖို့ပါ ရုန်းကန်ခဲ့ရပါတယ် ။ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် ပိတ်သိမ်းခါနီးမှာ ပူလီဆစ်ဟာ အဲရစ် တမ်ဟဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသို့ အငှားထွက်ဖို့ အလားအလာ ရှိကြောင်း ကောလဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် ၊ ပိုင်ရှင်သစ် တော့ဒ်ဘိုလီက ထိုအပြောင်းအရွှေ့ကို ပိတ်ပင် တားဆီးခဲ့ပါတယ် ။
အသက် ၂၄နှစ် အရွယ်ရှိ ပူလီဆစ်ဟာ မကြာသေးခင်ကမှ ကျင်းပ ပြီးစီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ အမေရိကန် အတွက် အထူး ခြေစွမ်းပြခဲ့ကာ ၊ အသင်းရဲ့ သွင်းဂိုးတိုင်းမှာ ပါဝင် ပတ်သက်ခဲ့ပြီး ၊ တဂိုးသွင်း ၊ ၂ဂိုး ဖန်တီးနိုင်ခဲ့ပါတယ် ။လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်ဟာ ပူလီဆစ် အတွက် ပွဲထွက်ခွင့် အလို့ငှာ အသင်းပြောင်းဖို့ အနီးစပ်ဆုံး အခွင့်အရေး ဖြစ်ပြီး ၊ ၄င်းကို စိတ်ဝင်စားမှု အနည်းနဲ့ အများ ရှိကြတဲ့ မန်ယူနိုက်တက် ၊ နယူးကာဆယ် ၊ အာဆင်နယ်တို့ရဲ့ ချဉ်းကပ်မှုက ဘယ်လိုတွေ ရှိလာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်
ချဲလ်ဆီးနဲ့ လီဗာပူး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်ကတော့ ၄င်းရဲ့ အသင်းဟောင်း အနေနဲ့ ပူလီဆစ်ကို ဆက်ထိန်းသင့်ကြောင်း တိုက်တွန်းရင်း ၊ လက်ကျန် ရာသီ အတွင်း တစုံတခု တိုးတက်မှု ရှိမလာဘူးဆိုရင်တော့ ယင်းအမေရိကန်သား အနေနဲ့ အသင်းပြောင်းသင့်ကြောင်း မက်ဆေ့ခ်ျ ပေးခဲ့ပါတယ် ။Midnite နဲ့ တွေ့ဆုံခဲ့ရာမှာ ဂလင်းဂျွန်ဆင် က ” ချဲလ်ဆီးဖက်က ခရစ်တီယန် ပူလီဆစ်ကို ဆက်ထိန်းသွားဖို့ ကျွန်တော် အလိုရှိပါတယ် ။ သူဟာ မန်ချက်စတာ ယူနိုက်တက် အတွက်နဲ့တော့ ချဲလ်ဆီးကို စွန့်ခွာဖို့ မသင့်ပါဘူး ။ ကျွန်တော်ဟာ သူ့ဖက်ကနေ ကာကွယ်ပြောပေးလာတာ အချိန် အတော်ကြာခဲ့ပါပြီ ။ ”
” သူ့မှာ အလားအလာကောင်းများစွာ ရှိတဲ့ အကြောင်း ကျွန်တော် ပြောခဲ့ဖူးပေမယ့် ၊ သူ့အနေနဲ့ ဒါကို သက်သေပြဖို့ လိုပါတယ် ။ သူ့မှာ ချဲလ်ဆီး အတွက် ပေးစွမ်းနိုင်တာတွေ အများကြီး ကျန်ပါသေးတယ် ။ လက်ကျန် ဘောလုံး ရာသီမှာ သူ့အတွက် ပြည့်ပြည့်ဝဝ ကစားခွင့် ပေးလိုက်ပါ ။ ”” ဒါပေမယ့် နောက်နှစ်မှာလည်း ကျွန်တော်တို့ ဒီအကြောင်း ဆက်ပြီး ဆွေးနွေးနေရဦးမယ် ဆိုရင်တော့ သူ သွားကို သွားရပါတော့မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ပေါ်တူဂီ စူပါစတား ခရစ်တီယာနို ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ကာလ အတွင်း မန်ယူနိုက်တက်နဲ့ ၂ဦး သဘောတူ လမ်းခွဲသွားခဲ့ပါတယ်
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေတတွင်းလုံး ချဲလ်ဆီးနဲ့ သတင်းတွေ ထွက်ခဲ့ပြီး ၊ အခုအခါမှာ free agent ဖြစ်လာတဲ့ ၄င်းကို ချဲလ်ဆီးတို့ ထပ်မံ ခေါ်ယူဖို့ ကြိုးစားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။ ဂလင်းဂျွန်ဆင်ကတော့ ရော်နယ်ဒိုကို ၆လ ယာယီ ခေါ်သင့်တယ်လို့ ၄င်းရဲ့ အသင်းဟောင်းထံ တိုက်တွန်းသွားပါတယ် ။ဂလင်းဂျွန်ဆင် က ” ကျွန်တော်သာဆို ခရစ်တီယာနို ရော်နယ်ဒိုကို ချဲလ်ဆီးမှာ ၆လ စာချုပ်နဲ့ သေချာပေါက် ခေါ်မှာပါ ။ ရော်နယ်ဒိုဟာ ကျွန်တော်တို့ရဲ့ ကစားသမား မျိုးဆက် ကာလမှာ ဒုတိယ ( သို့မဟုတ် ) တတိယ အကောင်းဆုံး ကစားသမား ဖြစ်ပါတယ် ။
” အကယ်၍ ရော်နယ်ဒိုသာ ကီလီယန် အမ်ဘတ်ပေ ၊ လီယွန်နယ် မက်ဆီ ၊ နေမာတို့နဲ့ တန်းတူ ပြန်ဖြစ်ချင်တယ် ဆိုရင်တော့ သူ အခုထက် ပိုတိုးတက်ဖို့ လိုပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ်