တစ်ဧကကို ငွေကျပ် (၁၅) သိန်း မှ သိန်း (၃၀) အထိ အကျိုးအမြတ် ရရှိနေတဲ့ ဝဥအကြောင်း
ဝဥစိုက်ပျိုးထုတ်လုပ်မှုကို တောင်သူတွေ ဝင်ငွေတိုးပွားစေရေးအတွက် (၃) နှစ်စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။
အထူးသဖြင့် ချင်းပြည်နယ် ဘက်မှာဆိုရင် ဝဥ ကို ဟားခါး၊ ထန်တလန်၊ ကန်ပက်လက်၊ မတူပီ နဲ့ မင်းတပ်မြို့တွေမှာ အများဆုံး စိုက်ပျိုးကြပြီး စိုက်ပျိုးစရိတ်အားဖြင့် တစ်ဧက ကို ၁၅ သိန်း ကျပ်ခန့် ကုန်ကျတယ်လို့ ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။
“အဲလို စိုက်ပျိုးစရိတ် ၁၅ သိန်းလောက်ကုန်ကျသလို အကျိုးအမြတ်အနေနဲ့လည်း တစ်ဧက ကို ၁၅ သိန်းကနေ သိန်း ၃၀ အထိ ရရှိတယ်” လို့ ချင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှုးကပြောပါတယ်။
ဝဥဟာ မျိုးကွဲပေါင်း ၁၃၀ ရှိပါတယ်။ အဲဒီအနက် ချင်းပြည်နယ်မှာတော့ ၅ မျိုးကို စိုက်ပျိုးနေတာပါ။အဓိက အားဖြင့် ဝဥ အဖြူ၊ အနီ၊ အဝါ မျိုးကွဲတွေ ဖြစ်ပါတယ်။
ဝဥ သီးနှံဟာနိုင်ငံတကာဈေးကွက်မှာဝယ်လိုအား ကောင်းတဲ့သီးနှံဖြစ်ပြီးချင်းပြည်နယ်နဲ့တော့ ရေမြေဒေသ ကိုက်ညီတာမို့စိုက်ပျိုးဖြစ်ထွန်း တယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ဝဥ ထုတ်လုပ်မှုကဆင့် တောင်သူတွေ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်စေရေးနှင့် ဆင်းရဲမှုလျော့ကျစေရေးအတွက် ရည်ရွယ်ပြီးတော့
၂၀၂၀-၂၁ မှ ၂၀၂၂-၂၃ စီမံချက်နဲ့ ဝဥ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအကောင်အထည်ဖော်ဆောင်ရွက်နေတာလို့သိရပါတယ်။လက်ရှိ စိုက်ပျိုးမှုအနေနဲ့ဆိုရင်၂၀၂၀-၂၁စိုက်ပျိုးရာသီမှာတော့ ဟားခါးခရိုင်မှာ၃၇၈၄ ဧက ၊ ဖလမ်းခရိုင် မှာ ၂၂၄၄ ဧက ၊မတူပီ ခရိုင်မှာ ၅၅၉၃ ဧက ၊
မင်းတပ်ခရိုင်မှာ ၅၃၀၀ ဧက စုစုပေါင်း ၁၆၉၂၁ ဧက ကိုလည်းကောင်း၊၂၀၂၁-၂၀၂၂ စိုက်ပျိုးရာသီမှာတော့ ဟားခါးခရိုင်မှာ ၃၈၆၄ ဧက၊ ဖလမ်းခရိုင်မှာ ၂၃၇၈ ဧက ၊ မတူပီခရိုင်မှာ ၅၉၁၆ ဧက စုစုပေါင်း ၁၂၁၅၈ ဧက တို့ကို စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။