Skip to content
Home » ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး စာချုပ်ကို လက်မှတ်ထိုးတော့မယ့် ရိုနယ်ဒို

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး စာချုပ်ကို လက်မှတ်ထိုးတော့မယ့် ရိုနယ်ဒို

  • by

မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ ကစားသမား ဖြစ်နေတဲ့ ခရစ္စတီယာနို ရိုနယ်ဒိုက လာမယ့် နာရီပိုင်း အတွင်းမှာပဲ ဆော်ဒီကလပ် အယ် နက်ဆာနဲ့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး စာချုပ်ကို လက်မှတ်ရေးထိုးတော့မယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်နေတာကြောင့် ဥရောပ ထိပ်သီးအသင်းတွေမှာ ကစားခွင့် ရဖို့ ခက်ခဲနေပေမယ့် ဆော်ဒီကလပ် အယ် နက်ဆာကတော့ ရိုနယ်ဒိုရဲ့ ဂိုးသွင်းစွမ်းရည်နဲ့ ပုံရိပ်မြင့်မှုတို့ကို ယုံကြည်နေပါသေးတယ်။

ဒါကြောင့်ပဲ အယ် နက်ဆာက ဆော်ဒီအစိုးရရဲ့ ထောက်ခံ အားပေးမှုနဲ့အတူ ရိုနယ်ဒိုကို တနှစ် လုပ်ခလစာ ပေါင် ၁၇၀သန်း ပေးချေကာ ၇နှစ် သက်တမ်း ရှိမယ့် စာချုပ်တရပ် ချုပ်ဆိုဖို့ ကြိုးစားနေပြီး ရိုနယ်ဒိုရဲ့ ကိုယ်စားလှယ်တွေနဲ့ အယ် နက်ဆာရဲ့ တာဝန်ရှိသူတို့ ကြားထဲမှာ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ အယ် နက်ဆာက ရိုနယ်ဒိုကို သူတို့အသင်းမှာ ၂၀၂၅ခုနှစ် အထိ ကစားပေးဖို့နဲ့ ရိုနယ်ဒို တယောက် ကစားသမားဘဝ ကနေ အနားယူချိန်မှာ ဆော်ဒီရဲ့ ဘောလုံးရေးရာ တာဝန်ရှိသူ တဦး အဖြစ် ၅နှစ်ကြာ လုပ်ကိုင်ပေးဖို့ ကမ်းလှမ်းထားကြောင်းနဲ့ ရိုနယ်ဒိုက စာချုပ်ကို လက်ခံလိုက်ရင် ယခုချိန်မှ စတင်ကာ ၂၀၃၀ခုနှစ် အထိ ရိုနယ်ဒိုဟာ တနှစ်ကို ပေါင် ၁၇၀သန်း ရရှိမယ်လို့ သိရပါတယ်။

လက်ရှိမှာ ရိုနယ်ဒိုက အယ် နက်ဆာရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ဆုံးဖြတ်ထားပြီး ရိုနယ်ဒိုဟာ လာမယ့် နာရီပိုင်း အတွင်းမှာပဲ အယ် နက်ဆာနဲ့ ပဏာမ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေကာ ရိုနယ်ဒိုဟာ အယ် နက်ဆာနဲ့ ချုပ်ဆိုမယ့် ၇နှစ် သက်တမ်း ရှိတဲ့ စာချုပ်ကနေ စုစုပေါင်း ပေါင် ၁.၁၉ ဘီလီယံ အထိ ရရှိဖို့ ရှိနေကြောင်းလည်း စပိန်နာမည်ကြီး သတင်းထောက် ဖိလစ်က အခိုင်အမာ ဖော်ပြထားပါတယ်။

ရိုနယ်ဒိုနဲ့ အယ် နက်ဆာတို့ရဲ့ စာချုပ်တန်ဖိုးဟာ စုစုပေါင်း ပေါင် ၁.၁၉ ဘီလီယံ အထိ ရှိတာကြောင့် ရိုနယ်ဒိုဟာ ဘောလုံးသမိုင်းတလျှောက် တန်ဖိုးအမြင့်ဆုံး စာချုပ်ကို လက်မှတ် ရေးထိုးခွင့် ရမှာလည်း ဖြစ်ပါတယ်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *