Skip to content
Home » အောင်လပွဲကိုမဖျက်ဘဲ ပြိုင်ဘက်သစ်နဲ့ ဘာကြောင့်အစားထိုးပွဲတည်ပေးရသလဲ

အောင်လပွဲကိုမဖျက်ဘဲ ပြိုင်ဘက်သစ်နဲ့ ဘာကြောင့်အစားထိုးပွဲတည်ပေးရသလဲ

  • by

ယူရှင်အိုကာမီနဲ့ပွဲအပြီးကတည်းက ချက်ထရီက အောင်လအန်ဆန်းရဲ့နောက်ပွဲမှာ လာမည့်လပိုင်းအတွင်းမှာဘဲ ဖြစ်လာလိမ့်မည်ဟု မှတ်ချက်ပေးလာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာဘဲ အောင်လအန်ဆန်းနှင့်ဖန်ဝေါင်းတို့ရဲ့ တွဲဆိုင်းကို တရားဝင် ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ပြိုင်ဘက်အပြောင်းအလဲ ဖြစ်သွားခဲ့ပါပြီ။ 2023 ခုနှစ်အတွင်းမှာ ONE Championship ဟာ ၎င်းတို့အဖွဲ့အစည်းရဲ့ခြေလှမ်းသစ်အဖြစ် အမေရိကန်မှာပထမဆုံးအကြိမ်ပွဲကျင်းပသွားဖို့ရှိနေပြီး ၊ အဆိုပါပြိုင်ပွဲကြီးမှာ အမေရိကန်က ဖိုက်တာအကျော်အမော်များကို ထည့်သွင်းပေးသွားဖို့ အစီအစဉ်ရှိနေတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့အကျော်အမော်ဖိုက်တာစာရင်းကို ရှာဖွေကြည့်လိုက်မည်ဆိုပါက ကျွန်တော်တို့ရဲ့ကချင်သားကြီး အောင်လအန်ဆန်းဟာလည်း ကျိန်းသေပေါက်ပါဝင်နေမှာ မလွဲမသွေပါဘဲ။

ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အောင်လအန်ဆန်းကိုလည်း ONE Championship က အမေရိကန်က Promotion ပွဲမှာ နောက်တစ်ပွဲထည့်သွင်းပေးသွားဖို့ အဆင်သင့်ဖြစ်နေပါတယ်။

ပထမဆုံးအကြိမ်ကျင်းပမည့် ပွဲဖြစ်တာနှင့်အညီ ONE Championship ဟာ အောင်လအန်ဆန်းကို ချန်ပီယံပြန်ဖြစ်နိုင်မည့် အခွင့်အရေးမျိုးထိ ပေးချင်နေပြီး ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အများအပြားရရှိအောင် ဆွဲဆောင်ချင်နေပါတယ်။

ဒါကြောင့် အောင်လကို မစ်ဒယ်ဝိတ်တန်းက အလယ်အလတ်ဖိုက်တာတစ်ဦးဖြစ်တဲ့ ဖန်ဝေါင်းနှင့် ဇန်နဝါရီလအစောပိုင်းမှာကတည်းက ပွဲတည်ပေးထားခြင်းဖြစ်သော်လည်း ဖန်ဝေါင်းရဲ့ဒဏ်ရာပြဿနာအခြေအနေကြောင့် ပြိုင်ဘက်အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တာပါ။

အောင်လအနေဖြင့် ဖန်ဝေါင်းကို အသာလေးကျော်ဖြတ်နိုင်လိမ့်မည်ဟု ONE Championship က သေချာပေါက် သတ်မှတ်ထားသော်လည်း ယခုပြိုင်ဘက်သစ်အပေါ်မှာတော့ အနည်းငယ်စိုးရိမ်စရာ ဖြစ်နေပါတယ်။

အောင်လအနေဖြင့် သူ့အပေါ်ယုံကြည်ထားတဲ့ ONE Championship ကို မျက်နှာအပျက်ခံလို့မရပါဘူး။ ယခုပွဲပြီးတာနဲ့ အောင်လအန်ဆန်းရဲ့နောက်ပွဲဟာ ချန်ပီယံခါးပတ်လုခွင့် အဆုံးအဖြတ်ပွဲမျိုး ( သို့ ) ချန်ပီယံကို တိုက်ရိုက်စိန်ခေါ်မည့်ပွဲမျိုး ဖြစ်လာမှာပါ။

ဒါကြောင့် ONE Championship ရဲ့လက်ရှိသဘောထားဟာ အောင်လအန်ဆန်းကို ဆက်တိုက်အခွင့်အရေးပေးသွားဖွယ်ရှိနေပြီး အောင်လအနေဖြင့် သူရရှိနေတဲ့အခွင့်အရေးကောင်းတွေကို အကောင်းဆုံးပုံစံနဲ့အသုံးချသွားနိုင်မလားဆိုတာ အားလုံးနဲ့အတူတူ ကျွန်တော်တို့စောင့်ကြည့်လိုက်ရအောင်။

Leave a Reply

Your email address will not be published. Required fields are marked *