ONE Championship ဟာ 2023 ခုနှစ်အတွက် ပထမဆုံးပြိုင်ပွဲကြီးကို အပြောင်းအလဲများစွာဖြင့် ပရိသတ်တွေထံ ချပြလာခဲ့ပြီဖြစ်ပါတယ်။
Prime Video မှာ ထုတ်လွှင့်တဲ့ပြိုင်ပွဲများကို ONE on Prime Video ဟု အမည်ပေးကင်ပွန်းတပ်လေ့ရှိသော်လည်း ယခုထုတ်လွှင့်မည့် ပြိုင်ပွဲကို ONE Fight Night 6 ပြိုင်ပွဲဟု ပြောင်းလဲအမည်ပေးခဲ့ကာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို နောက်တစ်ပတ် စနေနေ့ ဇန်နဝါရီလ 14 ရက်နေ့ မနက်ပိုင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဓိကပွဲစဉ် 2 ပွဲတွင် ပြိုင်ဘက်အပြောင်းအလဲများ ဖြစ်ပေါ်သွားခဲ့သလို အောင်လအန်ဆန်းသည်လည်း အနားကပ်မှ ပြိုင်ဘက်အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်။
အောင်လအန်ဆန်းကို မူလကတရုတ်ဖိုက်တာ ဖန်ဝေါင်းနဲ့ပွဲတည်ပေးထားခဲ့သော်လည်း ပွဲနားနီးမှ ဖန်ဝေါင်းဟာ ကိုဗစ်ပြဿနာကြောင့် နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါကြောင့် ONE Championship ဟာ အောင်လအန်ဆန်းကို ပြိုင်ဘက်သစ်ရှာဖွေပေးခဲ့ပြီး ဘရာဇီးဝါရင့်ဖိုက်တာကြီး Gilberto Galvao နဲ့ ပွဲထပ်မံတည်ပေးခဲ့ပါတယ်။
အောင်လအန်ဆန်းရဲ့ပရိသတ်တွေကတော့ ပွဲနားနီးကပ်မှ ပြိုင်ဘက်အပြောင်းအလဲဖြစ်သွားခဲ့သည့်အပေါ် အမျိုးမျိုးနဲ့မှတ်ချက်ပေးလာခဲ့သလို ရိုင်နီယာ ဒီရိုက်ဒါနဲ့တုန်းကလို ပွဲနားနီးမှပြိုင်ဘက်ပြောင်းလဲသွားခဲ့ရတာကြောင့် အောင်လ ရှုံးနိမ့်ခဲ့သလို ထပ်မံဖြစ်ပေါ်မှာကို စိုးရိမ်နေကြပါတယ်။
ရိုင်နီယာ ဒီရိုက်ဒါနှင့် အောင်လအန်ဆန်းတို့ ပထမအကြိမ်မတွေ့ဆုံခင်က အောင်လဟာ ရုရှားဖိုက်တာ ဗစ်တလီ ဘစ်ဒက်ရှ်နဲ့ရင်ဆိုင်ထိုးသတ်ဖို့ စီစဉ်ထားခဲ့သော်လည်း အနားနီးမှ ဘစ်ဒက်ရှ်ရဲ့ဒဏ်ရာအခြေအနေကြောင့် အစားထိုးဖိုက်တာအဖြစ် ရိုင်နီယာ ဒီရိုက်ဒါက အစားဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
ဘစ်ဒက်ရှ်နဲ့ ရိုင်နီယာတို့ဟာ ကစားပုံချင်းကွာဟတာကြောင့် အောင်လအန်ဆန်းအနေဖြင့် ဘစ်ဒက်ရှ်ကိုရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့သမျှ အရာအားလုံးကို ပြန်ပြောင်းခဲ့ရပြီး အချိန်တိုအတွင်းမှာ ရိုင်နီယာကို ပြန်လည်ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့ရတာကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်မည်ဟု နားလည်ရပါတယ်။
ဒါကြောင့် ဒီတစ်ကြိမ် ပြိုင်ဘက်အပြောင်းအလဲဖြစ်လာခဲ့တဲ့အပေါ်မှာရော အောင်လအန်ဆန်းတစ်ယောက် ရိုင်နီယာနဲ့တုန်းကလို အမှားမျိုးထပ်မံမရှိတော့အောင် အကောင်းဆုံးပုံစံဖြင့် စွမ်းဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။