Skip to content
Home » အိမ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ အောင်လအန်ဆန်း ဖြေရှင်းရမယ့် ပုစ္ဆာတစ်ပုဒ်

အိမ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ အောင်လအန်ဆန်း ဖြေရှင်းရမယ့် ပုစ္ဆာတစ်ပုဒ်

  • by

တစ်ချိန်က ONE Championship တွင် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတို့ရဲ့ နှစ်ထပ်ကွမ်းချန်ပီယံဂုဏ်ပုဒ်ကို ပထမဆုံးလက်ဝယ်ပိုင်ဆိုင်ခဲ့ဖူးသည့် မြန်မာကိုယ်စားပြုဖိုက်တာကြီး အောင်လအန်ဆန်းသည် လက်တလောမှာတော့ ချန်ပီယံခါးပတ်အားလုံးကို ဆုံးရှုံးသွားခဲ့ပြီးပါပြီ။

ဒါကြောင့်ဘဲ အောင်လအန်ဆန်းဟာ ဖိုက်တာဘဝရဲ့ နှောင်းပိုင်းကို မရောက်ခင်အချိန်တွင် မစ်ဒယ်ဝိတ်တန်းမှာ ချန်ပီယံပြန်ဖြစ်ဖို့အတွက် ဆန္ဒပြင်းပြနေတာဖြစ်ပါတယ်။ အောင်လသည် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဗစ်တလီဘစ်ဒက်ရှ်နဲ့ ချန်ပီယံလုခွင့်အဆုံးအဖြတ်ပွဲမျိုးအဖြစ် ထိုးသတ်ခဲ့သော်လည်း ရှုံးနိမ့်သွားခဲ့ရပါတယ်။

လက်တလောမှာတော့ အောင်လအန်ဆန်းဟာ ဂျပန်ဝါရင့်ဖိုက်တာကြီး ယူရှင်အိုကာမီကို အလဲထိုးဖြင့် အနိုင်ယူပြီးနောက် ပုံစံကောင်းအချို့ပြန်လည်ရရှိနေပြီ ဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီလမှာဘဲ အောင်လအန်ဆန်းဟာ တရုတ်ဖိုက်တာတစ်ဦးဖြစ်တဲ့ ဖန်ဝေါင်းနဲ့ရင်ဆိုင်ထိုးသတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပြိုင်ဘက်အပြောင်းအလဲဖြစ်သွားခဲ့ပါပြီ။

အောင်လရဲ့နောက်ပြိုင်ဘက်ဖြစ်လာသည့် ဖိုက်တာသစ်ကတော့ ဘရာဇီးဖိုက်တာတစ်ဦးဖြစ်တဲ့ Gilberto Galvao ဘဲ ဖြစ်ပါတယ်။ Gilberto Galvao ဟာ Fan Rong ထက် နည်းစနစ်ပိုင်းပိုမိုကောင်းမွန်တဲ့ ဖိုက်တာတစ်ဦးဖြစ်ပြီး Ground Game ပိုင်နိုင်တဲ့ကစားသမားတစ်ဦးဖြစ်တာကြောင့် အောင်လအန်ဆန်းအတွက် ပြိုင်ဘက်ကောင်းတစ်ဦး ဖြစ်လာမှာပါ။

Gilberto Galvao ဟာ အောင်လရဲ့ခါးသီးပြိုင်ဘက်တစ်ဦးဖြစ်တဲ့ ရိုင်နီယာဒီရိုက်ဒါနှင့် ရင်ဆိုင်ထိုးသတ်ခဲ့ဖူးပြီး ရှုံးနိမ့်ထားခဲ့ပါတယ်။ အဆိုပါ ပွဲမှာလည်း သူဟာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ရှုံးနိမ့်သွားခဲ့ရပါတယ်။

အသက်အရွယ်ပိုင်းနှင့် လျှင်မြန်မှုအပိုင်းတွင် Gilberto Galvao ဟာ အောင်လအန်ဆန်းထက် သာလွန်နေသော်လည်း လက်သီးပါဝါနဲ့ ခြေကန်ချက်တွေမှာတော့ အောင်လအန်ဆန်းက ပိုပြီးအားသာချက်ရှိပါတယ်။

အောင်လအနေဖြင့် ဒီပွဲကိုသာ အနိုင်ရရှိခဲ့မည်ဆိုရင် သူမျှော်လင့်တောင့်တနေတဲ့ ချန်ပီယံတစ်ဖန်ပြန်ဖြစ်ဖို့ဟာ အတော်လေးနီးကပ်လာပြီဟု မှတ်ချက်ပြုရမှာ ဖြစ်ပါတယ်။

ပရိသတ်ကြီးတို့ရော အောင်လအန်ဆန်းနှင့် Gilberto Galvao တို့ရဲ့ ပွဲစဉ်မှာ မည်သူက အနိုင်ရရှိသွားလိမ့်မည်ဟု ထင်ပါသလဲ။ အောင်လတစ်ယောက် သူ့ရဲ့ချန်ပီယံဖြစ်ချင်တဲ့ အိမ်မက်ကို အကောင်အထည်‌ဖော်သွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါဘဲ။

Leave a Reply

Your email address will not be published. Required fields are marked *