ONE Championship လိုက်ဟဲဗီးဝိတ်တန်းရဲ့ချန်ပီယံခါးပတ်ကို မကြာသေးခင်းအချိန်ကမှ သိမ်းပိုက်ထားခဲ့သည့် ဟဲဗီးဝိတ်တန်းကကြားဖြတ်ချန်ပီယံကြီး အနာတိုလီ မာလီခင်သည် ရှုံးပွဲလုံးဝမရှိသေးတဲ့ နှစ်ထပ်ကွမ်းချန်ပီယံကြီး ရိုင်နီယာ ဒီရိုက်ဒါကို ပထမအချီမှာဘဲ အံ့ဩလောက်စရာစွမ်းဆောင်ရည်မျိုးဖြင့် အလဲထိုးပြခဲ့ကာ ဖြစ်ပါတယ်။
ယင်းပွဲစဉ်ဟာ နယ်သာလန်သားကြီး ရိုင်နီယာဒီရိုက်ဒါအတွက် အတော်လေးအထိနာစေခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ၎င်းရဲ့နှစ်ထပ်ကွမ်းချန်ပီယံဂုဏ်ပုဒ်ကိုလည်း ဆုံးရှုံးခဲ့ရသလို သူ့ရဲ့ရှုံးပွဲမရှိစံချိန်မှတ်တမ်းကောင်းဟာလည်း ရပ်တန့်သွားခဲ့ရပါတယ်။
ဒါ့အပြင် ပွဲပြီးဆုံးချိန်မှာလည်း ရိုင်နီယာဟာ ဆေးအဖွဲ့ရဲ့အကူအညီနှင့်အတူ ကြိုးဝိုင်းအတွင်းမှ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ အခြေအနေမျိုးဟာ ရိုင်နီယာလို စွမ်းဆောင်ရည်မြင့်ဖိုက်တာတစ်ဦးမှာ ဖြစ်ပေါ်ခဲ့တာကြောင့် ပရိသတ်တွေကြားမှာတင်မက ဖိုက်တာအချင်းချင်းကြားမှာလည်း စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။
ရိုင်နီယာကတော့ အဆိုပါပွဲအပြီး ဆေးကုသမှုခံယူပြီးနောက် သူ့ရဲ့ဆိုရှယ်မီဒိယာမှတစ်ဆင့် ယခုလိုဘဲ ဖွင့်ဟလာခဲ့ပါတယ်။” ကျွန်တော့်အနေနဲ့ ဒီရှုံးပွဲကို သင်ခန်းစာယူပြီး အကောင်းဆုံး ကြိုးစားသွားပါ့မယ်။ ဒီပွဲဖြစ်စဉ်ကို သေချာလေး ပြန်လည်သုံးသပ်ရင်းနဲ့ ပိုကောင်းတဲ့ဖိုက်တာတစ်ဦးအဖြစ်နဲ့ ပြန်လာခဲ့ပါမယ်။
ဒီဖြစ်စဉ်ဖြစ်ပြီးတာတောင် ပိုကောင်းတဲ့ဖိုက်တာတစ်ဦးဖြစ်လာအောင် မကြိုးစားဘူးဆိုရင် ကျွန်တော်အနေနဲ့ ရှေ့ကလုပ်ခဲ့တဲ့အရာတွေအားလုံးဟာ ဘာအဓိပ္ပာယ်မှရှိလာမဟုတ်တော့ပါဘူး။ ” ဆိုပြီး ရိုင်နီယာက ဆိုလာခဲ့တာပါ။
အနာတိုလီ မာလီခင်ကတော့ ရိုင်နီယာလို မဟုတ်ခဲ့ဘဲ ရိုင်နီယာရဲ့ပိုစတာပုံကို သူ့ရဲ့လက်သီးနဲ့ထောက်ထားတဲ့ပုံကို Instagram Story မှာ တင်ထားခဲ့ပြီး သူအနိုင်ယူထားခဲ့တဲ့ဖိုက်တာဆိုပြီး လေတိုက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါအခြေအနေမျိုးဟာ ရိုင်နီယာအတွက် ဝဠ်လည်တာဖြစ်ပြီး ရိုင်နီယာဟာ ယခင်တုန်းက ထိုပုံစံလိုမျိုး သူအနိုင်ရရှိခဲ့တဲ့ဖိုက်တာကို လှောင်ပြောင်ထားတာကြောင့် မာလီခင်ရဲ့လေတိုက်ခြင်းကို တစ်ဖန်ပြန်လည် ခံခဲ့ရတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ရိုင်နီယာရဲ့ သုံးထပ်ကွမ်းချန်ပီယံဖြစ်ချင်နေတဲ့ အိမ်မက်ကို အနာတိုလီ မာလီခင်က ဖျက်ဆီးခဲ့တာကြောင့် ရိုင်နီယာအနေဖြင့် သူ့ရဲ့မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကိုသာ အပြည့်အဝအာရုံစိုက်ရမည်ဖြစ်ပြီး သူ့ရဲ့နောက်ပြိုင်ဘက်ကလည်း မကြာခင်မှာ ပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။