Skip to content
Home » ဂယ်လ်ဗာရိုဟာ အောင်လအန်ဆန်းအတွက် စိုးရိမ်ရတဲ့ပြိုင်ဘက်မျိုး ဖြစ်လာနိုင်မလား

ဂယ်လ်ဗာရိုဟာ အောင်လအန်ဆန်းအတွက် စိုးရိမ်ရတဲ့ပြိုင်ဘက်မျိုး ဖြစ်လာနိုင်မလား

  • by

နောက်တစ်ပတ် စနေနေ့ ဇန်နဝါရီလ 14 ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ONE on Prime Video 6 ပြိုင်ပွဲကို ONE Championship က ‘ ONE Fight Night 6 ‘ ပြိုင်ပွဲဟု ပြောင်းလဲအမည်ပေးခဲ့သလို ထိုပြိုင်ပွဲကြီးတွင် ပါဝင်လာမည့် တွဲဆိုင်းအချို့ဟာလည်း ပြိုင်ဘက်အပြောင်းအလဲတွေများစွာ ဖြစ်ပေါ်လာခဲ့ပါတယ်။

အောင်လအန်ဆန်းဟာ မူလအစီအစဉ်အရ တရုတ်ဖိုက်တာ ဖန်ဝေါင်းနှင့် ရင်ဆိုင်ထိုးသတ်ရမည်ဖြစ်သော်လည်း ဖန်ဝေါင်းသည် ပွဲနားနီးကပ်ချိန်မှ ကိုဗစ်ပြဿနာကြောင့် နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါကြောင့် ONE Championship ဟာ အောင်လအန်ဆန်းပွဲကို မဖျက်ခဲ့ဘဲ ပြိုင်ဘက်သစ်ရှာဖွေပေးခဲ့ပြီး ယခုချိန်မှာ အောင်လရဲ့နောက်ပြိုင်ဘက်ဟာ ဘရာဇီးဖိုက်တာ Gilberto Galvao ဖြစ်သွားခဲ့ပါပြီ။

ပြိုင်ပွဲနီးမှ အောင်လအန်ဆန်းလို ဖိုက်တာတစ်ယောက်နဲ့ ရင်ဆိုင်ထိုးသတ်ဖို့ အစားထိုးဝင်ရောက်ဖို့ စိတ်ကူးရှိတဲ့ဖိုက်တာမျိုးဟာ များများစားစားမရှိပါဘူး။ ရှိခဲ့ရင်တောင် ကချင်သားကြီးရဲ့ Ground Game အားနည်းချက်ကို အခွင့်ကောင်းယူဖို့ ယုံကြည်ချက်ရှိတဲ့ BJJ အားသန်တဲ့ ဖိုက်တာမျိုးဘဲ ဖြစ်မှာပါ။

အောင်လရဲ့နောက်ပြိုင်ဘက်ဖြစ်လာတဲ့ Gilberto Galvao ဟာ အသက် 40 အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဘရာဇီးဂျူဂျစ်ဆုတွင် ခါးပတ်နက်ရရှိထားတဲ့ ဖိုက်တာတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အောင်လအန်ဆန်းကို BJJ ပိုင်းနဲ့အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိထားတာကြောင့် ဒီပွဲကို အချိန်တိုအတွင်းမှာ လက်ခံလိုက်တာ ဖြစ်နိုင်ပါတယ်။

ဂယ်လ်ဗာရိုဟာ ဒီပွဲအတွက် ပြင်ဆင်ချိန်ဟာ နှစ်ပတ်ဝန်းကျင်လောက်သာ ရှိလိမ့်မည်ဟု အချို့က ကောက်ချက်ချထားသလို အောင်လအန်ဆန်းဘက်မှာလည်း ပြိုင်ဘက်သစ်ဖြစ်သွားတာကြောင့် ပြန်လည် ပြင်ဆင်ဖို့ အချိန်အနည်းသာ ရရှိမှာဖြစ်ပါတယ်။

အောင်လအန်ဆန်းရဲ့ပရိသတ်တွေကတော့ ဂယ်လ်ဗာရိုရဲ့ Ground Skill များကို စိုးရိမ်နေကြသလို အောင်လအနေဖြင့် သူရှုံးနိမ့်ထားတဲ့ပွဲစဉ်အားလုံးဟာ Ground ပိုင်းမှာဖြစ်တာကြောင့် ပရိသတ်တွေ စိုးရိမ်မယ်ဆိုလဲ စိုးရိမ်ချင်စရာပါပဲ။

ဂယ်လ်ဗာရို ထိုးသတ်ထားတဲ့ပွဲစဉ်တွေကို ကြည့်မယ်ဆိုရင်လည်း သူဟာ ပွဲအစပိုင်းမှာ အတင်းဝင်လုံးလေ့ရှိသလို နေရာယူမှုအားကောင်းသော်လည်း အပိုင်ချုပ်နိုင်ဖို့ အများကြီးအားထုတ်မှုမရှိတာ တွေ့ရပါတယ်။

ဒါ့အပြင် Ground Control လုပ်တဲ့အပိုင်းမှာလည်း လိုအပ်ချက်တွေများစွာရှိနေတာကြောင့် အောင်လအန်ဆန်းအတွက် စိုးရိမ်ရမယ့်ဖိုက်တာတစ်ဦးဟု မသတ်မှတ်တော့ဘဲ ဒီတိုင်းသာမန်ဖိုက်တာတစ်ဦးအဖြစ်သာ သတ်မှတ်သင့်ကြောင်း ကျွမ်းကျင်သူအချို့က သုံးသပ်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *