ကချင်သားကြီး အောင်လအန်ဆန်းဟာ မကြာသေးမှီက ထိုးသတ်ထားခဲ့သည့် ဘရာဇီးလ်ဝါရင့်ဖိုက်တာကြီး Gilberto Galvao ကို ပထမအချီမှာဘဲ အလဲထိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် မစ်ဒယ်ဝိတ်တန်းမှာ နိုင်ပွဲ ၂ ပွဲဆက် ရရှိလာခဲ့ပါတယ်။
ဒါဟာ နောက်ဆုံး ၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ၂ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်တာကြောင့် ကချင်သားကြီးရဲ့ ပရိသတ်တွေက မစ်ဒယ်ဝိတ်တန်းမှာ အောင်လရဲ့ တစ်ဖန်ပြန်လည်တောက်ပလာပုံတွေကို မြင်တွေ့ချင်နေကြပြီ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ပရိသတ်တွေ စိတ်ဝင်စားဆုံး သတင်းကတော့ အောင်လအန်ဆန်းရဲ့နောက်ပြိုင်ဘက်က ဘယ်သူဖြစ်လာမလဲဆိုတာဘဲ ဖြစ်ပါတယ်။ အောင်လဟာ နိုင်ပွဲ ၂ ပွဲဆက် ရရှိထားပြီးဖြစ်တာကြောင့် မစ်ဒယ်ဝိတ်တန်းရဲ့ခေါင်ပိုင်းဖိုက်တာတစ်ဦးနဲ့ ထိုးသတ်ပြီးပါက ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။
မစ်ဒယ်ဝိတ်တန်းရဲ့ထိပ်ပိုင်းဖိုက်တာစာရင်းတွင်လည်း ဖိုက်တာအရေအတွက်ဟာ များများစားစားမရှိတာကြောင့် အောင်လရဲ့နောက်ပြိုင်ဘက်ဖြစ်လာနိုင်မည့် ဖိုက်တာစာရင်းတွင် ရုရှားသားကြီး ဗစ်တလီဘစ်ဒက်ရှ် နှင့် ဖိုက်တာသစ် ရှမေးလ် အဒူလာလက်ဗ်တို့လောက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။
အောင်လဟာ ဘစ်ဒက်ရှ်နဲ့ ၃ ကြိမ် ထိုးသတ်ထားခဲ့ပြီး ယခုပွဲဖြစ်လာခဲ့ရင် ၄ ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှုဖြစ်လာမှာပါ။ ရှမေးလ် အဒူလာလက်ဗ်ကတော့ ONE Championship လက်အောက်မှာ တစ်ပွဲမှ မထိုးသတ်ရသေးဘဲ သူရောက်ရောက်ချင်းမှာ ရိုင်နီယာရဲ့မစ်ဒယ်ဝိတ်တန်းခါးပတ်ကို စိန်ခေါ်ခွင့် ရရှိထားသူဖြစ်သည်။
ဒါပေမယ့် ရိုင်နီယာနဲ့ အဒူလာလက်ဗ်တို့ရဲ့ပွဲဟာ ပွဲနားနီးကပ်ချိန်မှ ပွဲပျက်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ONE Championship က ပွဲတည်ပေးမည်ဆိုပါက သူ့ကို တိုက်ရိုက်စိန်ခေါ်ခွင့်ပေးသွားဖွယ်မရှိဘဲ အောင်လအန်ဆန်းနှင့် အရင်ဆုံးထိုးခိုင်းသွားဖွယ်ရှိနေပါတယ်။
ယင်းပွဲမှာ အနိုင်ရမယ့်သူကိုတော့ ONE Championship က ရိုင်နီယာရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ပေးသွားလိမ့်မည်ဟု နားလည်ရပါတယ်။